ပရောဖက်ရှင်နယ်ကျကျ ဝတ်စားဆင်ယင် တတ်စေဖို့ဆိုရင်
ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို သင့်တော်တဲ့ နေရာမှာ ရွေးချယ်ဝတ်တတ်ခြင်းကလဲ အရေးကြီးတဲ့ အရည်အချင်း တစ်ခုပဲ ဖြစ်ပါတယ်။
အလုပ်ခွင်၊ အလုပ်အင်တာဗျူးမှာ ပရော်ဖက်ရှင်နယ်ကျကျနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားတတ်ခြင်းက တခြားသူရဲ့ အမြင်ကိုလဲ ပိုကောင်းစေသလို လုပ်ငန်းခွင်အတွင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ လူမှုဆက်ဆံရေးကိုလဲ ပိုပြီး အထောက်အကူ ပြုစေပါတယ်။
အထူးသဖြင့် အစည်းအဝေးခန်းနဲ့ လူအများရှေ့ကို ထွက်ပြီး စကားပြောရတဲ့ လုပ်ငန်းတွေ၊ လူအများရဲ့ အာရုံစိုက်တာကို ခံရသူတွေအနေနဲ့ အဝတ်အစားကို ပိုသတိထားသင့်ပါတယ်။
အထူးသဖြင့် စမတ်ကျပြီး သပ်ရပ်မှုကို အလေးထား ဝတ်ဆင်ဖို့က အရေးကြီးပါတယ်။
တူညီ ယူနီဖောင်းပဲဖြစ်ဖြစ် ကိုယ့်စိတ်တိုင်းကျဝတ်ဆင်တဲ့ အလုပ်ဝတ်စုံပဲဖြစ်ဖြစ် ရွေးချယ်ဝတ်ဆင်တဲ့အခါ အမြင်မရိုင်းစေဖို့ ဘယ်လိုရွေးချယ် ဝတ်ဆင်ကြမလဲ?
(၁) တိုလွန်းတဲ့ အဝတ်အစား၊ ရင်ဟိုက်လွန်းတာ ဖော်ချွတ်တာတွေနဲ့ ကြပ်လွန်းတဲ့ အဝတ်အစားတွေကို လုံးဝမဝတ်ဆင်ပါနဲ့။
(၂) ခန္ဓာကိုယ်မှာ တက်တူးတွေ ရှိခဲ့ရင် ဖုံးထားနိုင်တဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ပါ။
(၃) ရွှေ၊ ငွေ လက်ဝတ်ရတနာတွေကို အလွန်အကျွံဝတ်ဆင်တာမျိုးထက် သင့်တော်သလို အနည်းအကျဉ်းလေး ဝတ်ဆင်သင့်ပါတယ်။
(၄) အဝတ်အစား အသစ်တွေထက် သန့်ရှင်းသပ်ရပ်မှုနဲ့ သက်တောင့်သက်သာဖြစ်မှုကို ဦးစားပေး ဝတ်ဆင်သင့်ပါတယ်။
(၅) လက်သည်းတွေကို အရှည်ထားတာထက် သပ်ရပ် သန့်ရှင်းအောင် ညှိထားသင့်ပါတယ်။
(၆) ဆံပင်ကို သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းမှုရှိအောင် ဖြီးသင်ထားသင့်ပါတယ်။
(၇) အလုပ် ရာထူး၊ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ အပြင်အဆင်ကို ရွေးချယ်သင့်ပါတယ်။
ကိုယ့်ရဲ့ ဝတ်စားနေထိုင်မှုက ကိုယ့်ရဲ့ အလုပ်အကိုင်၊ ရာထူးနဲ့ ပရောဖက်ရှင်နယ်ကို ကိုယ်စားပြုတာကြောင့် အလုပ်ခွင်အတွင်း ပိုအဆင်ပြေချောမွေ့စေဖို့ ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)